Breaking News

ဂျီတီအိုင် အကြောင်း

   GTI ဆိုတာ Government Technical Institute ပါ။ မြန်မာလို အစိုးရစက်မှုလက်မှုသိပ္ပံပါ။ ပညာရေး၀န်ကြီးဌာနလက်အောက်မှာရှိပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အုပ်ချုပ်မှုအောက်မှာရှိပါတယ်။

   GTI ကျောင်းများကို ၁၉၅၁ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သည်။ ပညာသင်ကာလမှာ ၃ နှစ်ဖြစ်သည်။ ၁၉၉၈ ဝန်းကျင်မှာ ပညာရေးစနစ်သစ်နဲ့အတူ ပညာသင်နှစ် ၂ နှစ်ခန့်သိုပြောင်းလဲခဲ့ပြီး GTI ကျောင်းဟူ၍ သီးသန့်မရှိတော့ပါ။ ၂၀၁၄ ခုနှစ်မှာတော့ GTI ကျောင်းများကို သီးသန့်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းတာအရ အစိုးရနည်းပညာကောလိပ်(GTC) (၃) ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) (၂၂) ကျောင်း တစ်နိုင်ငံလုံး ကျောင်းပေါင်း ၂၅ ကျောင်းရှိပါသည်။

   ပညာသင်ကာလမှာ (၃) နှစ်ကြာမြင့်မှာဖြစ်ပြီး ပညာသင်ကာလအတွင်း၌လည်း ကျောင်းသားတစ်ဦးလျှင် ထောက်ပံ့ကြေး တစ်လ ၃ သောင်းကျပ် ထောက်ပံ့ပေးမည်ဖြစ်သည်။ စာမေးပွဲကျပါက မရပါ။ ပြန်လည်အောင်မြင်ပါ ပြန်ရပါတယ်။ လက်တွေ့ကာလ ထောက်ပံ့ကြေးမရပါ။

   GTI ကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသည့် တစ်နိုင်ငံလုံး၏ ၁၀% မှာလည်း နည်းပညာတက္ကသိုလ်(TU)များသို့ ဆက်လက် ပညာသင်ကြားခွင့် ပေါင်းကူးရမည် ဖြစ်သည်။ TU ပေါင်းကူးခွင့်နှင့်ပတ်သတ်ပြီး ယခုထိတော့ ပေါင်းကူးရှိပါသည်၊ ပေါင်းကူးခွင့်သတ်မှတ်ချက်အတိုင်း တက်ရောက်ခွင့်ရပါမည်။ သတ်မှတ်ချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သတ်မှတ်ရွေးချယ်မှာဖြစ်လို့ ကြိုးစားမှ တက်ရောက်ခွင့်ရပါမည်။ ပေါင်းကူးမရရှိသည့် ကျောင်းသား/သူများကတော့ GTI Diploma လက်မှတ်ကိုရရှိမှာဖြစ်ပြီး (၃) နှစ်တာပညာသင်ကြားပြီးပါကလည်း Internship ၃ လဆင်းရမည်ဖြစ်သည်။ Internship မဆင်းသောကျောင်းသား/သူများ Diploma လက်မှတ်ထုတ်ပေးမည်မဟုတ်ပါ။

   GTI ကျောင်းများ၌ သင်ကြားသောသင်တန်းများမှာ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ သုတနည်းပညာ အင်ဂျင်နီယာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ(အင်းစိန်) တို့ ဖြစ်သည်။ (တချို့သောကျောင်းများ၌ တချို့သောသင်တန်းများမရှိပါ။ ဒေသအလိုက် လိုအပ်ချက်များအရ ဖွင့်လှစ်ထားသောသင်တန်းများ မတူညီကြပါ)

   GTI ကျောင်းများသို့ တတ်ရောက် ပညာသင်ကြားခွင့် ရှိသူများကတော့ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)မှ ထူးချွန်စွာအောင်မြင်သူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ နှင့် SMVTIမှ ထူးချွန်သူများ ဖြစ်ကြပါသည်။

   တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအား အင်္ဂလိပ်၊ သင်္ချာ နှစ်ဘာသာပေါင်းရမှတ်ဖြင့် ရွေးချယ်ခေါ်ယူမည်ဖြစ်သည်။ အဲ့နှစ်ဘာသာ ရမှတ်ပေါ်မူတည်ပြီး ဦးစားပေးလျှောက်ထားသော ဘာသာရပ်ခွဲခြင်းကို ဆောင်ရွက်ပါတယ်။ ဒါ့ကြောင့် အမှတ်ဘယ်လောက်ဆိုတာ မရှိပါဘူး။ မေဂျာတစ်ခု ပျမ်းမျှ လူ ၄၀ လက်ခံပါတယ်။ လူ အယောက် ၄၀ ပြည့်ရင် ၄၀ မြောက်လူရဲ့ နှစ်ဘာသာ ရမှတ်က အဆိုပါ ဘာသာရပ်၊ အဆိုပါကျောင်းအတွက် အနိမ့်ဆုံးအမှတ်ဖြစ်ပြီး Roll-1 ရမှတ်သည် အမြင့်ဆုံးအမှတ်ဖြစ်ပါသည်။ မည်သည့်ဘာသာရပ်မှ အမှတ်ကြိုတင်သတ်မှတ်ထားခြင်းမရှိပါ။ အမှတ်များသောသူများ လျှောက်ထားသော ဘာသာရပ်သည် အမှတ်မြင့်သွားမည်ဖြစ်ပါသည်။ ၀င်ခွင့်ဖြေဆိုရခြင်းမရှိသေးပါ။ နှစ်ဘာသာ အမှတ်အရ လူရွေးချယ်ရတာပါ။ မေဂျာတစ်ခု လူ ၄၀ သတ်မှတ်ထားသည့်အတွက် အမှတ်မကောင်းသောသူများ၊ ၀င်ခွင့်မရသောသူများသည် သတ်မှတ်လူဦးရေ မပြည့်သေးသောကျောင်းများအား လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသောကျောင်းမှာသာ သင်တန်းပြီးဆုံးသည်အထိ နေရမည်ဖြစ်ပါသည်။ မိဘများ အလုပ်တာ၀န်ပြောင်းပါက ကျောင်းပြောင်းကို စဉ်းစားပေးပါတယ်။

   အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)မှ ထူးချွန်စွာအောင်မြင်သူများကိုလည်း GTI ကျောင်းများ၏ ရွေးချယ်ရေးမူအတိုင်း ရွေးချယ်ပေးသွားမည်ဖြစ်သည်။ GTI ကျောင်းများ၏ဝင်ခွင့်ခေါ်စာကို ပုံမှန်အားဖြင့်ဆိုလျင် ၁၀ လပိုင်းတွင် ထုတ်ပြန်ကြော်ငြာလေ့ရှိပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်